About Us သရပါ (Tharapa Mart)
သရပါ (Tharapa Mart) အသုံးပြုခြင်းဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များ

  သရပါ (Tharapa Mart) ကို အသုံးပြုသူအနေဖြင့် သင်သည် အောက်ဖော်ပြပါ အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို အပြည့်အဝ နားလည်သဘောတူ လိုက်နာရန် သဘောတူညီပါသည်။ သရပါ (Tharapa Mart) အလိုအလျောက်ရောင်းချခြင်း Website/Mobile Application/Service သည် BiT Company Limited မှ ပိုင်ဆိုင် လုပ်ကိုင်နေခြင်းဖြစ်ပါသည်။ သရပါ အနေဖြင့် အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များကို လိုအပ်လာလျှင် အချိန်မရွေး ပြောင်းလဲ ပြင်ဆင်ခွင့်ရှိပါသည်။ စည်းကမ်းသတ်မှတ်ချက်အသစ်များကို ပုံမှန်ဖတ်ရှုလိုက်နာသွားရပါမည်။ သရပါသည် ကုန်ပစ္စည်း ရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့အကြားတွင် ကြားခံ Platform အဖြစ်ပြုလုပ်ပေးသော Automated Online Commerce စနစ်ဖြစ်ပါသည်။ ကုန်ပစ္စည်းရောင်းချသူများသည် သရပါမှ ခွင့်ပြုထားသော ကုန်ပစ္စည်းများကို သရပါစနစ်ပေါ်တွင် လာရောက်တင်ယူရောင်းချခြင်းဖြင့် သရပါမှ ပြုလုပ်ထားသော Online Website/Mobile App/Facebook/Chatbot နှင့် အခြားသော Online Platform အမျိုးမျိုးတွင် မိမိတို့ကုန်ပစ္စည်းများကို အလွယ်ကူဆုံး၊ အလျှင်မြန်ဆုံး One Click တည်းနဲ့ အွန်လိုင်းတွင် ရောင်းချနိုင်မည်ဖြစ်သည်။ သရပါတွင် ဈေးဝယ်ယူလိုသူများအနေဖြင့်လည်း သရပါမှ ပြုလုပ်ထားသော Online Platform အမျိုးမျိုးတွင်၊ ဆိုင်အမျိုးမျိုးထံမှ လွယ်ကူစွာ ရွေးချယ်ဝယ်ယူနိုင်စေရန် ပြုလုပ်ထားသော စနစ်တစ်ခုဖြစ်ပါသည်။

  • ၁။ အချက်အလက် ဖြည့်စွက်ခြင်း နှင့် အသုံးပြုခြင်း
    • (၁) သရပါတွင် ကုန်ပစ္စည်းဝယ်ယူရန်အတွက် အကောင့်ဆောက်လုပ်ခြင်းနှင့် (Account Creation) နှင့် အခြား လိုအပ်သော အချက်အလက်များကို မှန်ကန် ပြည့်စုံစွာ ဖြည့်စွက်ပေးရန် လိုအပ်ကြောင်းကို သိရှိပါသည်။​
    • (၂) သရပါတွင် ကုန်ပစ္စည်း လာရောက် ဝယ်ယူရာတွင် မိမိရှာဖွေသော၊ ဝယ်ယူသော ကုန်ပစ္စည်းများ၏ အချက်အလက်၊ ကုန်ပစ္စည်း ဝယ်ယူသူများ၏ အချက်အလက်များကို သရပါ၏ အချက်အလက်သိမ်းဆည်းမှု စနစ်များတွင် သိမ်းဆည်းထားပါသည်။
    • (၃) အဆိုပါအချက်အလက်များကို သရပါ၏ ရောင်းချမှု စနစ်များ ပိုမိုကောင်းမွန်စေရန်အတွက် အသုံးပြုခြင်း (ဥပမာ - ကုန်ပစ္စည်း အညွှန်း Recommendation စနစ်) များတွင် သရပါမှ အသုံးပြုမည်ဖြစ်သည်။
    • (၄) သရပါမှ အသုံးပြုသော အချက်အလက် ကောက်ခံသော Third-Party စနစ်များဖြစ်သည့် (Google Analytics, Facebook Analytics) စသည်တို့ကိုလည်း လိုအပ်သော အချက်အလက်များ ပေးပို့ အသုံးချသွားဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ တရားရုံးများမှ သက်ဆိုင်ရာ ဝရမ်း၊ ဗဟိုဘဏ်မှ ညွှန်ကြားချက်များ၊ စသည်တို့ဖြင့် သရပါမှ ကုန်ပစ္စည်းများ၊ ရောင်းချသူများ၊ ဈေးဝယ်သူများ၏ အချက်အလက်များကို တောင်းခံလာပါက ဥပဒေနှင့် အညီ ပေးအပ်သွားရမည် ဖြစ်ကြောင်းကို သိရှိနားလည်ပါသည်။
  • ၂။ ကုန်ပစ္စည်း ပိုင်ဆိုင်မှု နှင့် အငြင်းပွားမှုများအတွက်

      သရပါတွင် လာရောက် ရောင်းချသော ကုန်ပစ္စည်းများသည် သရပါ၏ ပိုင်ဆိုင်မှု မဟုတ်ပဲ ကုန်ပစ္စည်း ရောင်းချသူများ၏ ပိုင်ဆိုင်မှုသာဖြစ်သည်။ ရောင်းချသူဖက်မှ လာရောက်တင်ထားသော ထို ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ပိုင်ဆိုင်မှုပိုင်းဆိုင်ရာဖြစ်စေ၊ ကုန်ပစ္စည်း အမှတ်တံဆိပ် (Logos) အသုံးပြုမှုဆိုင်ရာဖြစ်စေ၊ အခြားသော ဓာတ်ပုံ၊ ဗီဒီယိုများကြောင့်ဖြစ်စေ၊ အခြားသော ကိစ္စ တစ်စုံတစ်ခုဖြင့်ဖြစ်စေ Third-Party တစ်စုံတစ်ဦးမှ သရပါတွင် လာရောက်ရောင်းချသူအား စွပ်စွဲခြင်း၊ တရားစွဲဆိုခြင်း၊ လျော်ကြေးတောင်းခံခြင်းများ ပြုလုပ်လာပါက သရပါနှင့် ပတ်သက်စပ်ဆိုင်ခြင်း၊ သရပါ နှင့် သရပါကို ထုတ်လုပ်၊ လုပ်ကိုင် နေသော BiT Company Limited နှင့် ပတ်သက်စပ်ဆိုင်ခြင်း လုံးဝ (လုံးဝ) မရှိစေရပါ။ သရပါတွင် ကုန်ပစ္စည်း လာရောက် ရောင်းချသူ နှင့် အငြင်းပွားလာသည့် Third-Party တစ်စုံတစ်ဦးအကြား ဖြေရှင်းရမည့် ကိစ္စသာဖြစ်ကြောင်းကို သိရှိနားလည် သဘောတူပါသည်။

  • ၃။ တားမြစ်ထားသော ပစ္စည်းများ

      သရပါ၏ အလိုအလျောက် ရောင်းချပေးသော Mobile App/Website/Facebook/Services များတွင် တင်ခွင့်မရှိသော ပစ္စည်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

    • (၁) လက်နက် နှင့် ပေါက်ကွဲစေတတ်သော ခဲယမ်းပစ္စည်းများ (ဥပမာ - ဓါး၊ လှံ၊ လေး၊ မြှား၊ မှိန်း၊ ကျဉ်စက်၊ သေနတ်၊ မီးရှူးမီးပန်း အစရှိသည်)
    • (၂) တရားမဝင် ဆေးဝါးများ (ဥပမာ - မူးယစ်ဆေးအမျိုးမျိုး၊ မြန်မာနိုင်ငံ၏ FDI တွင် မှတ်ပုံတင်မထားသော ဆေးဝါးအမျိုးမျိုး အစရှိသည်)
    • (၃) တောရိုင်း တိရစ္ဆာန်များ (ဥပမာ - ကျား၊ ခြင်္သေ့၊ ဆင်၊ တောကြောင် အစရှိသည်)
    • (၄) အရွယ်မရောက်သေးသူများ ကြည့်ရှုရန် မသင့်တော်သော ရုပ်ရှင်၊ ဗီဒီယို၊ စာအုပ်၊ မဂ္ဂဇင်း၊ ဓာတ်ပုံ၊ ပစ္စည်းအမျိုးမျိုး စသည်။
    • (၅) မိမိ မပိုင်ဆိုင်ပဲ ခိုးယူထားသော ပစ္စည်းများ၊ တရားမဝင် ပစ္စည်းများ
    • (၆) တရားဝင်ခွင့်ပြုထားခြင်း မရှိသော ဆားဗစ်များ၊ လုပ်ငန်းများ နှင့် ပစ္စည်းများ (ဥပမာ - Multi-Level Marketing ကိုအသုံးပြုရောင်းချသော ပစ္စည်းများ၊ ငွေကြေးချေးငှားသော ဆားဗစ်များ၊ လောင်းကစား နှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး)
    • (၇) အခါအားလျော်စွာ ထပ်မံဖြည့်စွက်လာမည့် ပစ္စည်းများ၊ ဆားဗစ်များ။
    •   သရပါသည် ကုန်ပစ္စည်း ရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့အကြားတွင် ကြားခံ Platform အဖြစ်ပြုလုပ်ပေးသော Automated Online Commerce စနစ်ဖြစ်ပါသည်။ သရပါတွင် ကုန်ပစ္စည်းရောင်းချသူသည် မိမိတင်ချင်သော ကုန်ပစ္စည်းကို တင်နိုင်ပြီး အလိုအလျောက် ခွင့်ပြုပေးသော စနစ် ပါဝင်ပါသည်။ သို့ဖြစ်ရာ မိမိတို့ သတ်မှတ်ထားသော ကုန်ပစ္စည်းမဟုတ်ပဲ အခြား တားမြစ်ထားသော ကုန်ပစ္စည်းများကို လာရောက် တင်၍ ရောင်းချပြီး အငြင်းပွားမှု တစ်စုံတစ်ရာဖြစ်ပွားပါက သရပါအဖွဲ့မှ တစ်စုံတစ်ရာ တာဝန်ယူမည် မဟုတ်ပါ။ ထို့အပြင် သရပါအဖွဲ့မှ တားမြစ်ထားသောပစ္စည်းများ လာရောက်တင်ကြောင်းကို သိရှိပါက သရပါစနစ်မှ ထိုတားမြစ်ပစ္စည်းကို ဖြုတ်ချခြင်း၊ အဆိုပါဆိုင်ကို ဖြုတ်ချခြင်းများ ပြုလုပ်သွားနိုင်မည်ဖြစ်ကြောင်း သိရှိနားလည်ပါသည်။

  • ၄။ သရပါ၏ ကွန်ယက်ချိတ်ဆက်မှုဆိုင်ရာ

      သရပါအဖွဲ့အနေဖြင့် မိမိတို့၏ Website/Mobile Application ကို အမှားအယွင်း တစ်စုံတစ်ရာ၊ ကွန်ယက်ပြတ်တောက်ခြင်း တစ်စုံတစ်ရာမရှိပဲ အစဉ်အမြဲ အသုံးပြုနိုင်စေရန် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သို့ရာတွင် အင်တာနက် နှင့် အခြားသော အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်မှုပြတ်တောက်သွားခြင်းများ ဖြစ်ပွားနိုင်ကြောင်းကိုလည်း သိစေအပ်ပါသည်။ ထို့အပြင် အသုံးပြုသူများအနေဖြင့် သရပါ၏ Website/Mobile Application များကို ပြင်ဆင်မှုများ၊ နည်းပညာအသစ်များ ထည့်သွင်းခြင်းများ ပြုလုပ်ချိန်တွင် ကြိုတင် အကြောင်းကြားခြင်းမျိုးမရှိပဲ ပြတ်တောက်သွားနိုင်ကြောင်း သိစေအပ်ပါသည်။ သရပါ အဖွဲ့အနေဖြင့် ထိုသို့ ဖြစ်ပေါ်မှု အကြိမ်ရေ အနည်းဆုံး၊ အချိန်အားဖြင့် အမြန်ဆုံးဖြစ်စေရန် အကောင်းဆုံးကြိုးပမ်းသွားမည်ဖြစ်ပါသည်။

  • ၅။ ကုန်ပစ္စည်း ဝယ်ယူခြင်း နှင့် ပြန်လည်လဲလှယ်ခြင်း (Refund Policy)

      သရပါသည် ကုန်ပစ္စည်းပိုင်ရှင်များ၊ Online Shopping ပိုင်ရှင်များမှ အချက်အလက်များ ထည့်သွင်းပြီး အလိုအလျောက် ရောင်းချပေးသော စနစ်ဖြစ်ပါသည်။

      ကုန်ပစ္စည်း ဝယ်ယူမှုဟု ဆိုရာတွင် ကုန်ပစ္စည်း၏ အရည်အသွေး (Product Quality)၊ ကုန်ပစ္စည်း၏ အချက်အလက် (Product Description)၊ ကုန်ပစ္စည်း၏ တန်ဖိုး (Product Price)၊ ကုန်ပစ္စည်း၏ အာမခံချက် (Product Warranty) များ၊ အခြားသော အချက်အလက်များကို အမှန်ကန်ဆုံးဖြစ်စေရန် အတွက် ရောင်းချသူ ကိုယ်စားလှယ်၊ ကုန်သည်၊ ဆိုင်ရှင်များနှင့် သရပါသည် အကောင်းဆုံးပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် အငြင်းပွားမှုများဖြစ်လာပါက ရောင်းချသူ နှင့် ဝယ်ယူသူမှ ညှိနှိုင်းဖြေရှင်းရမည်ဖြစ်ပါသည်။

      ပြန်လည်လဲလှယ်ချင်းဆိုင်ရာ ကိစ္စအဝဝသည် ရောင်းချသည့် ကိုယ်စားလှယ်၊ ကုန်သည်၊ ဆိုင်ရှင်တစ်ဦးချင်းစီ၏ သီးသန့် စည်းကမ်းချက်များအတိုင်းသာ ဖြစ်စေရမည်။ ကုန်ပစ္စည်း ပြန်လည်လဲလှယ်ခြင်း အဆင့်များ (Refund Process) ကို သရပါမှ တာဝန်ယူမည်မဟုတ်ပဲ သရပါတွင် လာရောက် ရောင်းချသော ဆိုင်ရှင်များမှ တာဝန်ယူဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရှိနားလည်ပါသည်။

      အထက်ဖော်ပြပါ ကုန်ပစ္စည်း ဝယ်ယူခြင်း၊ ပြန်လည်လဲလှယ်ခြင်း နှင့် စပ်လှဉ်း၍ လိုအပ်လာပါက သရပါမှ ဝင်ရောက်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ တစ်စုံတစ်ရာ အရေးယူခြင်း ပြုလုပ်သွားမည်ကိုလည်း သိရှိနားလည်ပါသည်။

  • ၆။ ငွေကြေးကောက်ခံမှုဆိုင်ရာ

      ယခုအချိန်တွင် သရပါကို အသုံးပြုခြင်းအတွက် ကျသင့်ငွေ အဖိုးအခ တစ်စုံတစ်ရာကို ဝယ်ယူသူထံမှ ကောက်ခံခြင်းမရှိသေးပါ။ နောင်တွင် ကောက်ခံရန်ရှိလာပါကလည်း အနည်းဆုံး (၁) လ ကြိုတင်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။

  • ၇။ သင့်၏ ကိုယ်ပိုင်အကောင့်ဆိုင်ရာ

      သင်သည် သရပါ Website/Mobile App ကို အသုံးပြုရာတွင် သင်၏ အကောင့် အချက်အလက် (User Name/Email/Password/Pin/OTP) များကို လုံခြုံစွာ သိမ်းဆည်းရန် တာဝန်ရှိပါသည်။ သင်၏ အကောင့်တွင် ဖြစ်ပေါ်လာသည့် အသုံးပြုမှုဆိုင်ရာ ကိစ္စ အဝဝသည် သင်၏တာဝန်သာဖြစ်ကြောင်းကို နားလည် သဘောတူပါသည်။ သင်သည် အသက် (၁၈) နှစ်အောက်ဖြစ်ပါက သင်၏ မိဘများ၊ အုပ်ထိန်းသူများ၏ အုပ်ထိန်းမှုအောက်တွင်သာ သရပါကို အသုံးပြုရမည်ဖြစ်ပါသည်။ သရပါ အနေဖြင့် သင့်အား ကုန်ပစ္စည်း ရောင်းချရန်ငြင်းဆန်ခြင်း၊ သင်၏ အကောင့်ကို ပိတ်သိမ်းခြင်း၊ သင်၏အချက်အလက်များကိုဖြည့်စွက်ပြင်ဆင်ခြင်း၊ သင်တင်ထားသော ကုန်ပစ္စည်းပုံ အစရှိသည်ကို ဖျက်သိမ်းခြင်း၊ သင်ပြုလုပ်ထားသော မှာယူမှုများကို ရပ်ဆိုင်းခြင်းများကို လိုအပ်လာပါက အချိန်မရွေး သရပါအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်နိုင်ကြောင်းကို နားလည်သဘောတူပါသည်။

  • ၈။ ကုန်ပစ္စည်း လိုက်လံပို့ဆောင်ခြင်း ဆိုင်ရာ

      ကုန်ပစ္စည်းလိုက်လံပို့ဆောင်ခြင်းကို သရပါတွင် လာရောက်ရောင်းချသူများမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ပါသည်။

      ဝယ်ယူသူများအနေဖြင့် ကုန်ပစ္စည်း ရောက်ရှိလိုသည့်အချိန် အစရှိသည့် လိုက်လံပို့ဆောင်မှုဆိုင်ရာ ကိစ္စများကို သရပါတွင် လာရောက်ရောင်းချသူနှင့် တိုက်ရိုက် ချိတ်ဆက် ဆောင်ရွက်နိုင်ပါသည်။

  • ၉။ သရပါကို မှန်ကန်စွာ အသုံးပြုခြင်း ဆိုင်ရာ

      သရပါကို အသုံးပြုသူများသည် သရပါ၏ Website/Mobile App/Service များကို နှေးကွေးစေရန်၊ ပျက်စီးစေရန်၊ အနှောင့်အယှက်တစ်စုံတစ်ရာကို ရည်ရွယ်ချက်ရှိရှိ တမင်ပြုမူခြင်း မပြုလုပ်ရန် သဘောတူနားလည်ပါသည်။ သရပါမှ အသုံးပြုလိုသည့်ပုံစံမှ သွေဖည်၍ ရည်ရွယ်ချက်ရှိရှိ အဖျက်အမှောင့်လုပ်ငန်းများကို ပြုလုပ်ခြင်း၊ တရားမဝင်နည်းလမ်းများ နှင့် အသုံးပြုခြင်း၊ လူအများစိတ်အနှောင့်အယှက်ဖြစ်စေခြင်း၊ တစ်ဦးတစ်ယောက် အသင်းအဖွဲ့တစ်ခုခု၏ ဂုဏ်သိက္ခာ ထိခိုက်စေခြင်း၊ Hacking/Phishing/DDoS အစရှိသည့် နည်းလမ်းများအသုံးပြု၍ ထိခိုက်စေခြင်းများ ဖြစ်ပေါ်လာခြင်းမရှိအောင် အသုံးပြုမည်ဟု တာဝန်ခံရပါမည်။

  • ၁၀။ ဥပဒေကြောင်းဆိုင်ရာ

      သရပါ၏ Website/Mobile App ကို အသုံးပြုခြင်းဖြင့် သင်သည် သရပါ အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များကို သိရှိနားလည်ပါသည်။ ဖော်ပြပါ အသုံးပြုခြင်းဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ အငြင်းပွားမှုများ၊ရှိလာပါက သရပါအဖွဲ့မှ အကောင်းဆုံးညှိနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ သရပါနှင့် လာရောက်ရောင်းချသူ (သို့မဟုတ်) လာရောက်ဝယ်ယူသူတို့ကြား တရားစွဲဆိုမှု တစ်စုံတစ်ရာရှိခဲ့ပါကလည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဥပဒေ နှင့် အညီ လုပ်ဆောင်သွားရမည် ဖြစ်ကြောင်းကို သိရှိနားလည် လက်ခံပါသည်။

  • ၁၁။ သဘောတူညီမှု ဖျက်သိမ်းခြင်း

      သရပါအနေဖြင့် အထက်ဖော်ပြပါ အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များကို ကြိုတင်အကြောင်းကြားခြင်းမရှိပဲ ချက်ခြင်းဖျက်သိမ်းနိုင်ကြောင်းကို သဘောတူလက်ခံပါသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် သင်သည် သရပါ၏ Website/Mobile Application နှင့် အခြား Service အဝဝကို တစ်ခုလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ အသုံးမပြုနိုင်တော့ခြင်း၊ သင်၏ သရပါ အကောင့် အသုံးပြုခွင့် ရပ်စဲလိုက်ခြင်းတို့ ပြုလုပ်ခံရမည်ဖြစ်ကြောင်း နားလည်သဘောတူပါသည်။ ထိုသို့ ပိတ်သိမ်းလိုက်ခြင်းဖြင့် သရပါသည် သင်သော်လည်းကောင်း၊ အခြားသူတစ်ဦးတစ်ယောက် သော်လည်းကောင်း၏ အကျိုးစီးပွားကို ထိခိုက်စေခြင်းမရှိကြောင်းကိုလည်း နားလည်သဘောတူ လက်ခံပါသည်။

      အထက်ဖော်ပြပါ အချက်အလက်များ အားလုံးကို သရပါ (Tharapa Mart) Website/Mobile App/Service အသုံးပြုသူများ၊ သရပါတွင် လာရောက်​ရောင်းချသူများ၊ ဈေးဝယ်သူများက အပြည့်အဝ ဖတ်ရှုပြီး သိရှိနားလည် သဘောတူလက်ခံပါသည်။